မိုင်းဆတ်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များ အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် ဖေဖော်ဝါရီ ၂

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ပံ့ပိုးငွေဖြင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ၏ နေအိမ်များ လေပြင်းဘေးအန္တရာယ်ကြောင့်  ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အောင်ချမ်းသာကျေးရွာသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နေအိမ်များ အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာရွှေနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လာမည့် မတ်လ၊ ဧပြီလနှင့် မေလများတွင် ဖြစ်ပွားတတ်သည့် လေပြင်းဘေးအန္တရာယ်ခံစားရလေ့ရှိသော ကျေးရွာများမှ ပြည်သူများ၏ နေအိမ်များ ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် လေပြင်းဘေးအန္တရာယ်ခံနိုင်ရည်ရှိသော အဆောက်အဦများဖြစ်လာစေရန် နေအိမ်များအား ကြိုတင် အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်နိုင်ရန်အတွက် တစ်အိမ်လျှင် ငွေကျပ် ၇၀၀၀၀ နှုန်းဖြင့် အိမ်ခြေ ၃၀၀ အတွက် ပံ့ပိုးပေးထားကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)