တန့်ယန်းမြို့နယ်တွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှစ်ပါးအား ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကျင်းပရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး

တန့်ယန်း ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီး နှစ်ပါးတို့အား ကြိုဆိုပင့်ဆောင်ပူဇော်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဓမ္မဂုဏ်ရည်ကျောင်းတိုက်၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကောလိယထံမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ကြိုဆိုပင့်ဆောင်ပူဇော်နိုင်ရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှစ်ပါးဖြစ်သည့် အမှတ်(၄)ရပ်ကွက် ဓမ္မဂုဏ်ရည်ကျောင်းတိုက် တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တသုခမိန္ဒနှင့် အမှတ်(၁၀)ရပ်ကွက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တမောနေယျတို့အား ကြိုဆို ပင့်ဆောင်ပွဲနှင့် ဂုဏဝိသိဌပူဇော်ပွဲတို့ကို ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပည့်ဒါယကာ ဒါယိကာမများ၊ ဂေါပကအဖွဲ့များက မတ်လ ၄ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)