နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး နိုင်ငံတော်အဆင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားနှင့် နေပြည်တော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်အဆင့်ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားနှင့် နေပြည်တော်အဆင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးကော်မတီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ နေပြည်တော်အဆင့်သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊ ဆွမ်းဆန်တော်လောင်းလှူရေး တာဝန်ပေးအပ်ထားသော လုပ်ငန်းအဖွဲ့များမှ မိမိတို့လုပ်ငန်းအဖွဲ့အလိုက် ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောက်ရွက်ကြရန် လိုအပ်မှာဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအတွက် မဏ္ဍပ်များအချိန်မီပြီးစီးစေရေး၊ သေသပ်ခိုင်ခံ့မှုရှိစေရေး၊ နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ဆောက်လုပ်စေရေး အထူးကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် ယခင်နှစ်များနည်းတူ အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားကြစေလိုကြောင်း ပြောကြားပြီး ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့‌ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)