ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဆင်း

ပူတာအို ဖေဖော်ဝါရီ ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များပေါ်ထွန်းလာစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းအားဖြင့် ဒေသခံပြည်သူများဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းများထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်နည်းပညာများ သင်ကြားပေးခြင်းအားဖြင့် ဆိုင်ကယ်ပြင်ဆိုင်များတိုးပွားလာကာ ခရီးသွားပြည်သူများအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့သော အခြေခံမော်ဆိုင်ကယ်ပြုပြင်ထိန်း သိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၂၄) ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်၊ လူထုအခြေပြုလေ့လာသင်ယူရေးစင်တာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းဆင်းအမှာ စကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့်သင်တန်းသားများ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ထူးချွန်သင်တန်းသားသုံးဦးအား ဆုများပေးအပ်ချီးမြှင့်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများ ထံလွှဲပြောင်းပေးအပ်ကာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်း အပေါ်ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်မှ သင်တန်းသား (၂၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများနှင့်အလုပ်လုပ်ပုံ၊ ကာဗျူရေတာ ဖြုတ်/တပ်စစ်ဆေးခြင်း၊ အင်ဂျင်ဟက်နှင့်အင်ဂျင်ဘလောက်များ ဖြုတ်/တပ်စစ်ဆေးခြင်း၊ သံလိုက်အုံနှင့်ကလပ်အုံ ဖြုတ်/တပ်စစ်ဆေးခြင်း၊ ဂီယာဘောက် ဖြုတ်/တပ်စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ်မီးပေးစနစ်များ အလုပ်လုပ်ပုံများနှင့် သွယ်တန်းခြင်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက ဇန်နဝါရီ (၂၆)ရက်နေ့မှဖေဖော်ဝါရီ(၂၄)ရက်အထိ သင်တန်းကာလတစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)