ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်

ဇလွန် ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရှစ်ရက်ကြာကျင်းပမည့် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား ယနေ့နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ မြောက်ဘက်စောင်းတန်းမုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်သော တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများကဖဲကြိုးဖြတ် ၍ ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ ကြသည်။ယင်းနောက် ဂန္ဓကုဋီတိုက်တွင် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ် ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး သြဝါဒါစရိယသဖန်းကုန်း ဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ဆရာတော်သံဃာတော်များက မေတ္တာသုတ်ရွတ်ဖတ်သရဇ္ဈယ်ခဲ့ကြ သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ထို့နောက် သြဝါဒါစရိယသဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ ရေစက်ချတရားနာကြား၍ အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ပြီးမြောက်ခဲ့သည်။

ဝေယံ

ဇလွန်(ပြန်/ဆက်)