ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချပေးမည့် ပါမောက္ခဆရာကြီး ဆရာမကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး ရုံးမှဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က အသိပညာ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်ကို တည်ထောင်နိုင်ရေးအတွက် ပညာရေးကဏ္ဍ အားမြှင့်တင်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအနေဖြင့် သိရှိပြီးသား သင်ခန်းစာများကို ပိုမိုပြည့်စုံအောင်၊ မေးခွန်းပုံစံနှင့် အမှတ်ပေးစည်းမျဉ်းများ၏ သဘောသဘာဝများ နားလည်သိရှိအောင်၊ ထူးချွန်စွာဂုဏ်ထူးများဖြင့် အောင်မြင်မှုရာခိုင်နှုန်းတိုးတက်မှု ပိုမိုမြင့်မားလာစေရန် မန္တလေးတက္ကသိုလ်မှ ဆရာကြီးဆရာမကြီးများက ပို့ချပေးခြင်းဖြစ်ရာ အလေးထားပြီး ဂရုစိုက် လိုက်နာမှတ်သားသွားကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကောင်းမွန်နေစေရန် အထူးဂရုစိုက် နေထိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် တိုင်းပြည်အတွက် အသိပညာ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပိုမိုတိုးမြှင့်လာစေရန် မလျော့သော ဇွဲလုံ့လဝီရိယတို့ဖြင့် အစွမ်းကုန်ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆွေးနွေးပို့ချပေးမည့် ပါမောက္ခဆရာကြီး ဆရာမကြီးများ၊ တက်ရောက်သင်ယူကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာဆရာမများအား ရင်းနှီးစွာ နှုတ်ဆက်အားပေးခဲ့ကြသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ မတ်လ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ဆရာကြီးဆရာမကြီးများနှင့် ကျောင်းသားကျောင်းသူများ တွေ့ဆုံ၍ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချမှုများကို ဖေဖော်ဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်အထိ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်တို့မှ ဆရာဆရာမ စုစုပေါင်း (၆၀)ဦးက အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း - ပလစ(၂)၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ပြင်ဦးလွင်)၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း(ကျောက်ဆည်) အခြေခံပညာအထက်တန်းကျောင်း (တံတားဦး)၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(မိတ္ထီလာ)၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း (မြင်းခြံ)၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရမည်းသင်း)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ကျောက်ပန်းတောင်း) တို့တွင် စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၀၀၀)ဦးခန့်အား ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)