မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် အဓိကကျသည့် ရေလျှံတားကမ်းထိန်းတမံ တည်ဆောက်ရေးလုပ်ငန်းများအပြင် ရေထိန်းတံခါးများ တည်ဆောက်ခြင်းလုပ်ငန်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ညနေ ၃ နာရီခွဲက အင်ဂျန်းခချောင်းရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းများနှင့် မြေထိန်းတမံနှင့် ရေလျှံတားနံရံ တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းပါးသို့သွားရောက်ပြီး အဆိုပါရပ်ကွက်အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ကျောက်စီမြေထိန်းတမံနှင့် ရေလျှံတားနံရံတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူတည်ဆောက်လျက်ရှိသော အင်ဂျန်းခ ချောင်းရေထိန်းတံခါး ၈ ပေ × ၁၂ ပေ တံခါး ၃ ပေါက်ပါဝင်သည့် ရေထိန်းတံခါးနှင့် ရေထိန်းတံခါးနှင့် ကပ်လျက်ပေ ၅၀ အတွင်း စက်ယန္တယားကြီးများနှင့် မြေသားတာဖို့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ရေထိန်းတံခါးတည်ဆောက်နေမှုအခြေအနေများနှင့် ရေဝင်ပေါက်တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများ သတ်မှတ်ဒီဇိုင်းနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် ရှင်းလင်းဆောင်၌ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်ဦးက ရေထိန်းတံခါးတည်ဆောက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဧရာဝတီမြစ်အတွင်း မြစ်ကြမ်းပြင်မြင့်တက်လာမှုကြောင့် သောင်ခုံအသစ် ပေါ်ထွန်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ အဆိုပါ အင်ဂျန်းခချောင်းရေထိန်းတံခါးအပါအဝင် ပမ္မတီးရေကြည်ရပ်ကွက်အတွင်း ရေကြည်ချောင်းရေထိန်းတံခါးကိုလည်း တည်ဆောက်လျက်ရှိပြီး ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများကို မြစ်ရေမြင့်တက်မှု ၁၄၅၀ ပေအထိ ကာကွယ်နိုင်ရေး ရေလျှံတားအုတ်ရိုးစီနံရံကာရံခြင်း အလျား ၄၁၆၉ ပေနှင့် ဗလမင်းထင်အထက်တွင် ရေလျှံတားနံရံနှင့်တမံ အလျားစုစုပေါင်း (၁၅၄၅) ပေတို့ကို တည်ဆောက်လျက်ရှိသည့်အပြင် ရေကြောင်းဖွံ့ဖြိုးရေးအတွက် သောင်တူးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)