ပျော်ဘွယ်မြို့နယ်၌ မီးခိုးမြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော

ပျော်ဘွယ် ဖေဖော်ဝါရီ ၂၆

ပျော်ဘွယ်မြို့နယ်၌ တောမီးနှင့်အခြားအကြောင်းအမျိုးမျိုးသော မီးလောင်ကျွမ်းမှုတို့မှ ဖြစ်ပေါ်လာသည့် Fire Hotspot နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ မြို့နယ်အဆင့် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက မိုးကောင်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် မိတ္ထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးလင်းက လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဖြင့် လေထုအရည်အသွေး ကောင်းမွန်စေရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝပတ်ဝန်းကျင် ကောင်းမွန်ရန်လိုအပ်မှု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာထွက်ကုန်ဘေးထွက် ပစ္စည်းများနှင့် ရိုးပြတ်များမီးရှို့ခြင်းကြောင့်  ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေယာအမျိုးအစားအလိုက် မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး၊ တောမီးလောင်ကျွမ်းမှုမှတဆင့် မီးခိုးမြူငွေ့များ ဖြစ်ပေါ်လာနိုင်ပုံအကြောင်းအရာများကို ဆွေးနွေးဟောပြောကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် တွင်းရွာကျေးရွာအုပ်စုသို့ သွားရောက်၍ အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသတွင်း Fire Hotspot များ လျော့နည်းသွားသည်အထိ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ကင်းစင်သော လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)