ဟိုပုံး ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် အလေးထားပြီး ရေတိုရေရှည်စီမံချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပအိုဝ်းဒေသအတွင်းမှာရှိတဲ့ ရွက်ပုန်းသီးမျိုးဆက်သစ်လူငယ် အားကစားသမားများပေါ်ထွက် လာစေရန်မှာ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အားကစားကို အခြေခံနည်းစနစ်မှန်မှန် စနစ်တကျသိရှိနားလည်စေရန်နှင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန် အားကစားကိုလေ့လာလိုက်စားခြင်းဖြင့် ယနေ့ခေတ်နှင့်အညီဖြစ်ပေါ်နေသော (Online Game) အန္တရာယ်မှကင်းဝေးစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အားလုံးအနေဖြင့် မိမိမြို့နယ်ဂုဏ်၊ ဒေသဂုဏ်တို့ကို ထိန်းသိမ်းနိုင်ပြီး အားကစားကိုချစ်မြတ်နိုးပြီး အားကစားသမားကောင်းဖြစ်လာစေရန် မျှော်လင့်ပါကြောင်း၊ ပအိုဝ်းဒေသအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားနည်းဖြင့် ရှမ်းပြည်နယ် ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီးလက်ရွေးစင်များစွာတို့ကို နှစ်စဉ်နှစ်တိုင်းပြိုင်ပွဲများမှတဆင့် မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်နယ်အဆင့်သာမက နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်များအဖြစ် များစွာမွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သော နွေရာသီအခြေခံအားကစားနည်းမှ အစပြု၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိဝါသနာပါ အားသန်သော အားကစားနည်းများဖြင့် မိမိမြို့နယ်ဂုဏ်၊ ဒေသဂုဏ်၊ ပြည်နယ်ဂုဏ်ဆောင်နိုင်သော ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများဖြစ်မြောက်အောင် ရည်မှန်းထားရှိပြီး ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် မြန်မာ့သိုင်းသင်တန်းသား/သူများက အခြေခံဗန်တို(၆၃)မောင်းအား စုပေါင်းသရုပ်ပြသခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာကျောင်းမှ အရာရှိကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာ့သိုင်းနည်းပြ၊ ဘောလုံးနည်းပြ၊ ကြက်တောင်နည်းပြ၊ စားပွဲတင်တင်းနစ်နည်းပြ၊ ဘော်လီဘောနည်းပြ၊ ပိုက်ကျော်ခြင်းနည်းပြနှင့် Fitness Dance နည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများကိုလည်းကောင်း၊ မြန်မာ့သိုင်း၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် Fitness Dance သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါနွေရာသီအားကစားနည်းသင်တန်းကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)