ချမ်းအေးသာစံမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်များထောက်ပံ့

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်များထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နေရပ်စွန့်ခွာပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လှူဒါန်းထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆန်အိတ်များထောက်ပံ့ပေးအပ်ခဲ့ရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူများ စုစုပေါင်း ၂,၈၉၀ တို့အား တစ်ဦးလျှင် ၁၂ ပြည်အိတ်တစ်အိတ်နှုန်းပေးအပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် နေရပ်စွန့်ခွာပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)