မန္တလေးမြို့ သဒ္ဓမ္မပါလ ရဟန်းကျော်စာမေးပွဲတွင် ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့ကြသည့်  စာဖြေအောင်ရဟန်းကျော် ၆၅ ပါး အား နဝကမ္မဝတ္ထုငွေများလှူဒါန်း

ချမ်းအေးသာစံ  ဖေဖော်ဝါရီ ၂၄

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် မန္တလေးတိုင်းဒေသကြီး သံဃနာယအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ်ဓမ္မဂါရဝကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခန္ဒြိယာဘိဝံသ ဆရာတော်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့ မစိုးရိမ်တိုက်သစ်သို့ သွားရောက်ဖူးမြော်ကြသည်။

ဦးစွာ ဓမ္မသမိဒ္ဓိကျောင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော်နှင့် တိုင်းဒေသကြီး သံဃနာယအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်းဆရာတော်တို့အားဖူးမြော်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော်ထံက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒခံယူသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇန ဟိတဓရဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံသို့ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာစံပြကျေးရွာ ပြင်စာမစိုးရိမ်တိုက်သစ်တွင်ကျင်းပခဲ့သည့် သဒ္ဓမ္မပါလ ရဟန်းကျော် စာမေးပွဲ၌ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်တို့ဖြင့် ထူးချွန်စွာဖြေဆို အောင်မြင်တော်မူခဲ့ကြသော ရဟန်းကျော်(၆၅)ပါးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ စုပေါင်းလှူဒါန်း သည့် နဝကမ္မဝတ္ထု‌ငွေ (၁၀၂)သိန်း ကျပ်နှင့် ဆရာတော်များထံ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)