မိုင်းပျဉ်း ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေးနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမိုးကျော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းက လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာဌာနမှ ပြန်လည်ဖြေကြားပေးခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံဆောင်ရွက်မည့် နေအိမ်(၇၉၂)လုံးအတွက် ထောက်ပံ့ငွေကျပ်(၅၅,၄၄၀,၀၀၀/−)ကို ကျိုင်းတုံခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းက ပေးအပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမိုးကျော်က လက်ခံရယူပြီး၊ မြို့ပေါ်နှင့်ကျေးရွာအုပ်စု အိမ်ထောင်စုများထံသို့အရောက် ဆက်လက်ထောက်ပံ့ပေးအပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ကျိုင်းတုံခရိုင်မှူး၊ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)