တောင်ကြီး ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာစီစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက EOI ခေါ်ယူခဲ့မှု အခြေအနေများအားရှင်းလင်းတင်ပြသည်။ ထို့နောက် ကုမ္ပဏီမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြရာတင်ပြမှုများအပေါ် EOI ကော်မတီဝင်များက အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ အဆိုပြုလွှာကို ဖွင့်ဖောက်စစ်ဆေးပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မင်းသန့် (ပြန်/ဆက်)