မိတ္ထီလာမြို့၌ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သည့် ကိရိယာပစ္စည်းများကို အများပြည်သူအသုံးပြုလေ့ကျင့်နိုင်ရေးအတွက် နေရာ ၅ နေရာတွင်တိုးချဲ့ထားရှိပေးမည်

မိတ္ထီလာ ဖေဖော်ဝါရီ ၂၃

မိတ္ထီလာမြို့၌ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သည့် ကိရိယာပစ္စည်းကိရိယာများကို အများပြည်သူအသုံးပြုလေ့ကျင့်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုဖြင့် နေရာ ၅ နေရာတွင် တိုးချဲ့ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အရင်ရှိနှင့်နေပြီးနေရာတွေအပြင် လတ်တလောထားရှိပေးထားတာ နန်းတော်ကုန်းရပ်ကွက် တပေဘူတပင်တန်းနေရာအနီးမှာ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်တဲ့ ကိရိယာပစ္စည်း နှစ်စုံတပ်ဆင်ထားရှိပေးထား တာပါ။ နောက်ထပ်တိုးချဲ့ပြီး  ဝန်ဇင်းရပ်ကွက် ကျောက်တံတခါးကွေ့ မိတ္ထီလာကန်ပေါင်နေရာ၊ မေတ္တာရေကြည်ဆေးခန်းတောင်ဘက် ဝန်ဇင်းကန်ပေါင်နေရာ၊ ကန်သာယာနယ်မြေ မိတ္ထီလာကန်ပေါင်နေရာ၊ ရွှေစောလူးစေတီတော်အနီး မိတ္ထီလာကန်ပေါင်နေရာနဲ့ ပေါက်ချောင်းရပ်ကွက် မိတ္ထီလာကန်ပတ်လမ်းနေရာ စုစုပေါင်း နေရာ ၅ နေရာမှာ အများပြည်သူအသုံးပြုလေ့ကျင့်နိုင်ရေးအတွက် ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်တဲ့ ပစ္စည်းကိရိယာများကို တိုးချဲ့ထားရှိပေးသွားမှာဖြစ်ပါတယ်ဟု ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးကျော်ဇေယျက ပြောသည်။ မိတ္ထီလာမြို့တွင် နံနက်ခင်းအစောပိုင်းအချိန်များနှင့် ညနေခင်းအချိန်များတွင် ကျန်းမာရေးအတွက် လမ်းလျှောက်သူများ၊ ကျန်းမာရေးလေ့ကျင့်ခန်းပစ္စည်းကိရိယာများဖြင့် လေ့ကျင့်ခန်းလုပ်သူများ ယခင်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။

ဦးချမ်းသာ