မောက်မယ် ဖေဖော်ဝါရီ ၂၃
ဗုဒ္ဓသာသနာတော်ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်းစာသင်တိုက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ကြီးမှူးကျင်းပသည့် (၁၁)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာဖြေပွဲတော် အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်၁နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသောဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဘုရားကန်တော့အခမ်းအနားဖွင့်လှစ်ကာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဘောဂသာရထံမှ သြဝါဒကထာမြွက်ကြားတော်မူပြီး စာချဆရာတော်များအား မြို့နယ်သာသနာရေးမှူးက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ စာပြန်ပွဲတော်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ရာ စာပွဲတော်အတွင်း လာရောက်လှူဒါန်းကြသော ဆွမ်းကွမ်းအလှူရှင်များအား ဆရာတော်က မှတ်တမ်းတင်ဂုဏ်ပြုလွှာများ အသီးသီး ချီးမြှင့်ပေးအပ်ပြီး စာအောင်ရှင်သာမဏေများအား တာဝန်ရှိသူများက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ခြင်းနှင့် အောင်လက်မှတ်များဆက်ကပ်ပြီး ဆရာတော်က အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစီရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)