နမ့်စန်(တ) ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအားကစားအခြေခံသင်တန်းကို အမှတ် (၅) ရပ်ကွက်ရှိ ကျောက်တိုင် အားကစားကွင်းနှင့် မြို့နယ်အားကစားရုံတို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောနှင့် စစ်တုရင် စသည့်အားကစားနည်း (၆) မျိုးကို တစ်လကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချ နိုင်ရေး၊ နမ့်စန်မြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းရေး၊ မြိုနယ်/ ခရိုင်/ ပြည်နယ် ကိုယ်စားပြုအားကစားသမားများမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်းလုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ နွေရာသီအားကစားအခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး နေ့စဉ်ညနေ (၃) နာရီမှ ညနေ (၅) နာရီထိဖွင့်လှစ်၍ သက်ဆိုင်ရာ အားကစားနည်းပြများက အားကစားအမျိုးအစားအလိုက် စနစ်တကျသင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖေဖော်ဝါရီလ (၂၅) ရက်နေ့နောက်ဆုံးထား၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းနှင့် နည်းစနစ်မှူး ဦးအေးချမ်းနိုင်တို့ထံသို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)