တိုက်ကြီး ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းက ကြီးမှူး၍ တိုက်ကြီးမြို့နယ် (ဂျိုးဖြူ) မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ထွန်းလှိုင် (မြိုင်) က အကြောင်းအမျိုးမျိုးကြောင့် မထုတ်ဝေဖြစ်ဘဲရပ်နားထားသည့် တိုက်ကြီးမြို့နယ် (ဂျိုးဖြူ) မဂ္ဂဇင်းကို ပြန်လည်ထုတ်ဝေမည်ဖြစ်ကြောင်း၊ မြို့နယ်ကိုယ်စားပြု ဒေသရနံ့ပုံရိပ်များကို ဖော်ထုတ်သည့် မဂ္ဂဇင်းဖြစ်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းနှင့် မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် မြို့နယ်အတွင်းရှိ စာရေးဆရာများ၊ စာပေဝါသနာရှင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စာပေဗိမာန်စာမူဆုရ စာရေးဆရာ မောင်အင်း (ဥက္ကံ)၊ ကဗျာဆရာမောင်နွေရိုင်းနှင့် မြို့နယ်စာရေးဆရာအသင်းဝင်များက မဂ္ဂဇင်းမျက်နှာဖုံးတွင် ဒေသ၏ အထင်ကရနေရာများ ရွေးချယ်ဖော်ပြရေး၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများ ဖိတ်ခေါ်ရေး၊ ဒေသ၏စိုက်ပျိုး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများပါဝင်စေရေး၊ စာအုပ်ထုတ်ဝေ၊ ဖြန့်ချိရေးအတွက် ရန်ပုံငွေရရှိရေးနှင့် မဂ္ဂဇင်းထုတ်ဝေရေးအတွက် ကော်မတီပြန်လည်ဖွဲ့စည်းရေး တို့ကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)