ကျောက်ဆည်မြို့တွင် စာအုပ်လှူဒါန်းပွဲနှင့် မြို့နယ်စာရေးဆရာများအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀)နာရီက စာအုပ်လှူဒါန်းပွဲနှင့် မြို့နယ်စာရေးဆရာများအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းနာယက ဦးချစ်ထွေး၊ မောင်ချစ်ထွေး(မဟာဝိဇ္ဇာ)က ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ ကိုယ်တိုင်ရေးသားထားသည့် စာပေဗိမာန်ဆု စာပဒေသာ ဒုတိယဆုရရှိသော “မြစ်ဝမဲဇာ မြစ်ညာခိုတောင်”စာအုပ်များအား ပေးအပ်လှူဒါန်းရာ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လက်ခံရယူခဲ့ပြီး ကျေးဇူတင်စကားနှင့် ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက်မှ ပြည်သူ့အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနာယက ဦးစိုးမြင့်ဒွဏ်းက စာရေးဆရာအသင်းကြီး၏ လက်ရှိအနေအထားများနှင့် ရေရှည်တည်တံ့နိုင်ရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် အသင်းဝင်စာရေးဆရာများမှ ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိသည်။

သက်မောင်(ကျောက်ဆည်)