သာကေတ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ အဆင်ပြေစွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက အမှာစကားပြောကြားပြီး နယ်မြေလုံခြုံရေးကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးလျော့နည်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး၊ လှည့်ကင်းပတ်ကင်းများ လှည့်လည်ဆောင်ရွက်စေရေး၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကိစ္စနှင့်ပတ်သက်၍ စာစစ်ဌာန (၃)ခုတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လျှပ်စစ်မီးရရှိရေး၊ စာမေးပွဲဖြေဆိုနေစဉ် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေး လုံခြုံရေးစနစ်တကျထားရှိရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း၌ နေ့စဉ်ဆော်ဩခြင်း၊ ဈေးများ၌ စည်ပင်/မီးသတ်နှင့်ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခြင်း စသည့်ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်နှင့် မြို့နယ်ဒုတိယဦးစီးမှူးများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဦးသန့်ဇင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)