ကျောက်တန်း ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး ယာဥ်ရပ်နားကွင်း မုခ်ဦး၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားကို မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် တာ၀န်ရှိသူများ၊ သမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်ပြီး အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ရေလယ်စေတီတော် ဆုတောင်းပြည့်ငါးစပ်ဘုရားတန်းဆောင်းတော်၌ နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်ဘဒ္ဒန္တသုန္ဒရ(နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) အရှေ့ကျောင်းကြီးတိုက်၊ ကန်ပြောင်ကျေးရွာ၊ ကျောက်တန်းမြို့နယ်မှ ရောင်ခြည်တော်ဖွင့်ဘုရားပင့်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ ဆရာတော်ဘဒ္ဒန္တကုမာရ(ဩဝါဒါစရိယ၊ သာသနဓဇဓမ္မာစရိယ၊ မဟာ၀ိဇ္ဇာရသီရိလင်္ကာ) သိမ်ကုန်းကျောင်းတိုက်၊ ရွှေပျောက်ကျေးရွာ၊ ကျောက်တန်းမြို့နယ်မှ အရှင်မဟာဗုဒ္ဓဃောသရေးသားဖွဲ့ဆိုသော ပဋ္ဌာန်းအဘိဓမ္မာအဋ္ဌာကထာပဏာမဂါထာဖြင့် ပဋ္ဌာန်းကျမ်းတော်ကြီးအား ဂါရဝပူဇာမင်္ဂလာမှုပြုခဲ့ကာ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
အဘိဓမ္မာဒေသနာတော်မြတ် (၇)ကျမ်းအား အလှည့်ကျ အဘိဓမ္မာဘာဏက သံဃာတော်များမှ ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)