မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) ကြီးမှူး၍ အမျိုးသမီးကော်မတီနှင့် လူငယ်ကော်မတီများက ပထမဆုံးအကြိမ်အဖြစ် ဦးစီးကျင်းပသော ကချင်တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။
ရှေးဦးစွာ ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ အတွင်းရေးမှူး ဦးခင်မောင်လွင်တို့ တက်ရောက်ခဲ့ကြရာ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြသည်။
ယင်းနောက် ခန်းမအတွင်း ရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) အနေဖြင့် ယခုလို ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကို ကျင်းပပေးခြင်းအားဖြင့် ကချင်တိုင်းရင်းသားမျိုးနွယ်စုများအကြား တစ်ဦးနှင့် တစ်ဦး၊ တစ်စုနှင့်တစ်စု ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းလာစေရုံသာမက အနာဂတ်တွင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ပိုမိုခိုင်မြဲလာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့၏ မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုများကို လူငယ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းရာရောက်ပါကြောင်း၊ ထို့အတူ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းမြှင့်တင်နိုင်ရေး အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိခြင်းကို ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ ထို့အတူ တိုင်းရင်းသားများအားလုံးနှင့် ရင်းနှီးချစ်ခင်စွာနေထိုင်ခြင်းဖြင့် မိမိတို့ပြည်နယ်နှင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကချင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက မျိုးနွယ်စုများအလိုက် ဒေသ၏ အလှအပ၊ မျိုးနွယ်စုများ ဆင်းသက်လာပုံသမိုင်း၊ မျိုးနွယ်စုများ၏ အထင်ကရအထိမ်းအမှတ်နေရာများနှင့် အမှတ်တရများကို ဖော်ကြူးရေးစပ်သီကုံးထားသော တေးသီချင်းများ၊ အကအလှများဖြင့် သရုပ်ဖော်တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)