စဉ့်ကိုင်မြို့နယ်တွင် စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်‌ဆေး

စဉ့်ကိုင် ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီကာလအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်‌ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက‌ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကြည်ဇော်ထိုက်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အရန်သင့်ပြင်ဆင်ထားရှိရေး၊ အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီး‌ဘေးစီမံချက် ရေးဆွဲထားမှု အခြေအနေများ၊ စက်သုံးဆီသိုလှောင်ကန်များအား မီးဘေးအန္တရာယ်မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှုများ၊ မီးသတ်ရေကန်များ အရန်သင့်ရေအပြည့် ဖြည့်ဆည်းဆောင်ရွက်ထားရှိစေရန်၊ လျှပ်စစ်ဝါယာကြိုးများ ဝါယာရှော့ကြောင့် မီးလောင်မှုမရှိစေရန်နှင့် မီးဘေးလုံခြုံရေးပစ္စည်းများ အဆင်သင့်ထားရှိမှုရှိ၊ မရှိတို့အား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနအ‌နေဖြင့် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ မီးဘေး အသိပညာပေးလက်ကမ်းများ ဖြန့်‌ဝေခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းများနှင့် အသိပညာ‌ပေး နှိုးဆော်ခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျော်စွာ(စဉ့်ကိုင်)