သန်လျင်မြို့နယ်တွင် Quarantine နေရာများ လျော့ချ နှစ်နေရာ ဖျက်သိမ်း

သန်လျင် ဇန်နဝါရီ ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် Quarantine ၉ ခု ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက အထက (၁) ကျောင်းနှင့် အထက (၂) ကျောင်းရှိ Quarantine နှစ်ခုအား လျော့ချဖျက်သိမ်းနေပြီ ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်မှု ထောက်အကူပြု ကော်မတီတို့မှ ဦးဆောင်မှုဖြစ် ဖွင့်လှစ်ခဲ့သော Quarantine နေရာ (၉) ခုဖြစ်သည့် အရှေ့ပိုင်း တက္ကသိုလ်တွင် ၂ ခု၊ နည်းပညာတက္ကသိုလ် (သန်လျင်) ၌ ၃ ခု၊ အထက (၁)၊ အထက (၂)၊ အထက (၄) ကျောင်းနှင့် သာသနာ့ဗိမာန်တို့အား ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကာ ယခု သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်း ကျဆင်း လာသဖြင့် Quarantine နေရာများဖြစ်သော အထက (၁)နှင့် အထက (၂) ကျောင်းတို့ရှိ Quarantine (၂) ခုအား ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၂၅၇၅ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၅၅ ဦးအထိရှိကာ ဆေးကုသမှုခံယူပြီး ဆေးရုံဆင်း ခွင့်ရရှိသူ စုစုပေါင်း ၂၂၄၉ ဦးရှိကြောင်းနှင့် လက်ရှိ ဆေးကုသမှုခံယူနေသူ စုစုပေါင်း ၂၇၁ ဦးရှိနေကြောင်း သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီမှ သိရသည်။

သက်ခိုင် (သန်လျင်)