စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်၊ဆန်နှင့်စားသောက်ဖွယ်ရာများချီးမြှင့်ပေးအပ်

စစ်တွေ    ဖေဖော်ဝါရီ  ၂၁

စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် အငြိမ်းစား ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက် ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့်စားသောက်ဖွယ်ရာ များအား ပေးအပ်ချီးမြှင့်ကြသည်။

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု/ဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခြင်းများကို စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌  လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက် အေဘီစီ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာသွားလမ်း ကွန်ကရစ်ခင်းခြင်းနှင့် မြောင်းကူးတံတား (၄)စင်းပြုလုပ်ခြင်း၊ ဦးမြဝါလမ်းမှ စန္ဒသူရိယလမ်းထိ (စန္ဒသူရိယလမ်းမှ အေဘီစီကျောင်းထိ) ကွန်ကရစ်ခင်းခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်က  သတ်မှတ်စံချိန် စံညွှန်းများပြည့်မီရေး၊ အချိန်မီပြီးစီးနိုင်ရေး စေတနာထား ဆောင်ရွက် သွားကြရန်မှာကြားပြီး လမ်းခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အေဘီစီကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ပြီး ‌ဂေဟာအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးများ ရရှိရေးဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုကြပြီး ကလေးသူငယ်များအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဂံရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံကာ ရပ်ကွက်အတွင်းလမ်းများကောင်းမွန်ရေးနှင့် ရေစီရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာဇေယျသိဒ္ဓိ အဓိဌာန် ဆရာတော်အား သွားရောက်ဖူးမြော်ကြကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ရန်ကုန် - စစ်တွေအဝေးပြေးကားလမ်းမကြီးမှ အဓိဌာန် ဘုန်းတော်ကြီးကျောင်းသို့ အဝင်လမ်းကို မြေသားလမ်းပြုလုပ်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊  ဓာတ်ပုံ- ဝင်းမင်းစိုး