မော်လမြိုင် ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စီးပွားရေးဆောင်ရွက်ဖို့ ကုမ္ပဏီ တည်ထောင်ချိန်မှစ၍ ကုန်ကြမ်း ရယူမှုမှတစ်ဆင့် ကုန်ချောတင်ပို့သည့် အဆင့်ထိ Supply Chain တစ်လျှောက်လုံးမှာပါဝင်နေသည့်အတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီပေးကြရန်နှင့်အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ Myanmar Shuangcheng Co.,ltd ၏ သံဖြူဇရပ်မြို့နယ်မှာ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တိရိစ္ဆာန်အစာအမျိုးမျိုး ထုတ်လုပ်၍ ပြည်တွင်း ရောင်းချခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ်မှာ ပြည်နယ်ရဲ့ဖွံ့ဖြိုးမှု၊ နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကို ရှေးရှုပြီးတော့ လိုအပ်တဲ့အခက်အခဲကို မိမိတို့ဌာနအလိုက် တတ်စွမ်းသမျှ ကူညီဖြည့်ဆည်း ပေးနိုင်ရေးအတွက် နိုင်ငံတော်ရဲ့မူဝါဒများအရ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာစေရန်၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစီးဝင်လာစေရန်၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာနိုင်ရန်၊ ရှိရင်းစွဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြန်လည်ထွက်ခွာမသွားစေရန်၊ ရင်းနှီး မြှုပ်နှံသူများရဲ့အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးကြရန်၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိအောင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ကဏ္ဍများအလိုက် အကောင်းဆုံးဖြစ်အောင် ပါဝင်ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်းအမှာစကား ပြောကြားသည်။ ထို့နောက် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်မှုဖြင့် တိရစ္ဆာန်အစာ အမျိုးမျိုးထုတ်လုပ်၍ ပြည်တွင်းရောင်းချခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအား အတည်ပြုပေးနိုင်ပါရန် ရှင်းလင်း တင်ပြခဲ့ပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်မှ အစုရှယ်ယာလွှဲပြောင်းခွင့်ကိစ္စ၊ လုပ်ငန်းလွှဲပြောင်းခွင့်ပြုရန်နှင့် အတည်ပြုမိန့်ပါ ကုမ္ပဏီအမည်အား ပြောင်းလဲခွင့်ပြုရန်ကိစ္စ၊ စီမံခန့်ခွဲရေးပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့သည့် ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်အား သိရှိနိုင်ပါရန်ကိစ္စနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ဆောင်ရွက်နေမှု အခြေအနေအား စိစစ်ပေးနိုင်ပါရန်ကိစ္စရပ်တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များကပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဥပဒေချုပ်မှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ