လူထုအခြေပြုဗဟိုဌာန (ကော့မှူး) ၌ လူငယ်စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ Book Club အဖွဲ့ ဝင်များ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က‌ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလိမ္မာစာမှာရှိ၊ စာအုပ် စာပေ လူမိတ်ဆွေဆိုသည့်အတိုင်း နွေရာသီကျောင်းပိတ်ရက်များတွင်ပြင်ပစာပေများ လေ့လာဖတ်ရှု ကြရန် စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် မောင်သူရိန်လင်းက စာရေးဆရာအောင်ကိုဦး (UMK) ရေးသားသည့် “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” (စိတ်ခွန်အားဖြည့်စာစုများ) စာအုပ်မှ “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် မောင်ကျော်ကျော်အောင်က “ဘာလုပ်သင့်သလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေ ဝါသနာရှင်မသီတာ‌အောင်က “မျှော်လင့်ချက်ကိုယ်စီ၊ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် Book Club အဖွဲ့ဝင်မောင်သူရိန်လင်းကဦးဆောင်ဆွေးနွေးရာတွင် လူငယ်ဆိုတာ တက်ကြွတယ်၊ လန်းဆန်းတယ်၊ အားအင်ရှိတယ်၊ မျှော်လင့်ချက်ရှိတယ်၊ လူတိုင်းလူတိုင်း သက်မွေးဝမ်း ကြောင်းတွေကိုယ်စီမှာ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်၊ ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာဖြစ်မှ ရယ်လို့မဟုတ်ပါဘူး၊ သူတို့လေးတွေဖြစ်ချင်တာကို ဖြစ်ခွင့်ပေးကြစေချင်ပါကြောင်း၊ လူငယ်တွေရဲ့ အိပ်မက်တွေကို နားထောင်စေချင်တယ်၊ အသိအမှတ်ပြုစေချင်တယ် လမ်းဖွင့်ပေးစေချင်တယ်၊ ပံ့ပိုးပေး စေချင်တယ်၊ လူငယ်တွေသက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်တဲ့ဘဝတွေ ပိုင်ဆိုင်ခွင့်ရစေ ချင်ရင် လူကြီးတွေကလူငယ်တွေကို အခုမှကောက်ကာငင်ကာထယုံတာမျိုးမဟုတ်ဘူး၊ သူတို့ဖြစ်ချင်တဲ့ စိတ်တွေ စတည်လာတည်းက ယုံယုံကြည်ကြည်နဲ့ နားထောင်ဖို့၊ အသိအမှတ်ပြုဖို့၊ လိုအပ်ချက်တွေ ပံ့ပိုးပေးဖို့ အထူးအထူးအရေးကြီးပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)