ကလော ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်အစု၊ ဆောင်းဘွဲ့ကျေးရွာ၌ (၁၇) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို) ဥက္ကဋ္ဌ၊ တိုင်ရင်းသားရိုးရာယဥ်ကျေးမှုအကအဖွဲ့များ၊ တောင်ရိုးတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ (၁၇) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ပွဲတော်မုခ်ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးနှင့် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း (ဗဟို) ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ (၁၇) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့အခမ်းအနားကို ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များကတိုင်းရင်းသားအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပခဲ့ရာ ဖိတ်ကြားထားသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ရိုးရာတေးသီချင်းနှင့် ယဉ်ကျေးမှုအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)