မောက်မယ် ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ကျေးရွာများမှ ရာသီပေါ်သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များ ရှာဖွေခူးဆွတ်ရောင်းချ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ တမာဖူး၊ တမာရွက်နုများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း တမာဖူး ခူးဆွတ်ရောင်းချသူများထံမှ သိရသည်။
မောက်မယ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ သစ်ဥ၊ သစ်ဖု ရှာဖွေခူးဆွတ်ရောင်းချသူများသည် ဘိုးစဉ်ဘောင်ဆက်တောတွင်းကို အမှီပြု၍ ရာသီပေါ်သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော် ဆွတ်ခူးရောင်းချနေသည့် ကျေးရွာများဖြစ်ကြရာ မျှစ်၊ စားမှိုအမျိုးမျိုး၊ ညောင်ချဉ်ဖူး၊ မန်ကျည်းရွက်၊ သနပ်ဖူး၊ မာလာဖူးပေါ်ချိန်များတွင် ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း၊ မောက်မယ်ပတ်ဝန်းကျင်တွင် တမာရွက်အား စားတမာနှင့် ခြံစည်းရိုးအရိပ်ရတမာဟူ၍ နှစ်မျိုးရှိကြောင်း စားတမာပင်သည် အပင်၏ပင်စည်မကြီးပဲ အရွက်များလည်းမစိပ်ကာ အဖူး၊ အရွက်ကြီးကြပြီး ဆောင်းရာသီအကုန်နွေရာသီအကူး အရွက်ကြွေရင် အဖူးတစ်ခါတည်းထွက်ရှိကြောင်း ထိုအဖူးအညွန့်များအားခူးယူ၍ မန်ကျည်းသီးတို့ဖြင့် စိမ်ပြီးပြုတ်ကာ မြို့နယ်စည်ပင်သာယာစျေး ၅ ရက်တစ်စျေးသို့လည်းကောင်း ရပ်ကွက်အတွင်း လှည့်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြကြောင်း ကွန်ကျိုင်းရပ်ကွက် နေဒေါ်ညိုမြက ရှင်းပြ၍သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)