မုဒုံ ဖေဖော်ဝါရီလ ၁၈
မွန်ပြည်နယ် မုဒုံမြို့တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု အဆင့်(၁)သင်တန်းပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၁၈) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ) သင်တန်းဝင်းရှိခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က သင်တန်းတွင် အတွေ့အကြုံများစွာရှိသည့် ကျွမ်းကျင်ဆရာကြီးနှင့် ဆရာမများ သင်ကြားပေးမည့် ရော်ဘာအထွက်နှုန်း အကောင်းဆုံးဖြစ်သော နည်းစနစ်ကို သင်တန်းသားများ ကြိုးစားသင်ယူစေလိုကြောင်း၊ ရော်ဘာသီးနှံသည် စတင်စိုက်ပျိုးသည်မှ (၇) နှစ်အထိ ပြုစုပျိုးထောင်ရ၍ အစေးခြစ်ရသောအရွယ်တွင်လည်း စနစ်တကျ လေ့ကျင့်သင်တန်းပေးထားသည့် အစေးခြစ်လုပ်သားများဖြင့် အစေးခြစ်ရန်လိုကြောင်း၊ ရော်ဘာသစ်သည် နိုင်ငံခြားဝင်ငွေရသော အပင်ဖြစ်လာ၍ သစ်အရည်အသွေးကောင်းရရန် မျက်နှာပြင်အား မထိခိုက်အောင်အစေးခြစ်ရန်လိုကြောင်း၊ အစေးကိုစနစ်တကျထုတ် ယူထားပါက ပင်အို/ဟောင်းခုတ်သည့်အခါ ရော်ဘာသစ် အထွက်ကောင်းရရှိမှာ ဖြစ်ပြီး ၁ ဧကတွင် တန်(၅၀-၇၀)ခန့်ရရှိနိုင်ကြောင်း၊ သင်တန်းသားများမှလည်း ယခုတက်မြောက်သင်ကြားမည့် နည်းပညာများကို မိမိတို့ဒေသသို့ ရောက်ရှိပါက ပြန်လည်မျှ ဝေပေးစေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ရော်ဘာပညာရှင်နှင့် တာဝန်ရှိသူများက ရော်ဘာသမိုင်းကြောင်းနှင့် ကျွမ်းကျင်မှု စံချိန်စံညွှန်းများ၊ စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် နည်းပြဆရာများက တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုမှ သင်တန်းသား/သူ (၃၀) ဦးအား ၁၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)