ပူတာအို ဖေဖော်ဝါရီ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီးစသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များထွက်ပေါ်လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့်နည်းပညာများပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင်သူနှင့်စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာနိုင်စေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် ဘက်စုံသုံးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်လင်းက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများအား သင်တန်းသူများထံပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့်သင်တန်းသူများက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသထားရှိမှုူများကို ကြည့်ရှုအားပေးကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်မှ သင်တန်းသူစုစုပေါင်း(၂၀)ဦးတို့အား ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရု(ယို/ဖျော်ရည်/ဝိုင်)၊ ခရမ်းချဉ်သီးယို၊ နာနတ်သီးဖျော်ရည်၊ ကျောက်ဖရုံယို၊ အမေရိကန်သံပရာယို၊ သင်္ဘောသီးယို(အချို/အစပ်)၊ ဘုရင်သီးဖျော်ရည်၊ အာလူးကြော်ပြုလုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက ဖေဖော်ဝါရီ(၁၆)ရက်နေ့မှ (၂၀)ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်