ပူတာအို ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ အခြေခံအဆောက်အဦလုပ်ငန်းများဖြစ်သော ရေပေးရေး၊ လမ်းတံတားများဒီဇိုင်းရေးဆွဲခြင်း၊ Estimate တွက်ချက်တတ်စေရန်နှင့် ဝန်ထမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် Auto Cad နှင့် Estimate ရေးဆွဲနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေညွှန့်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြကာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုထွေး၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်တို့က သင်တန်းသုံးသင်ထောက်ကူ ပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ပူတာအိုခရိုင်ရုံးနှင့် ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးမြို့နယ်များမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၁၀)ဦးတို့အား Auto Cad၊ ရေလွှဲဆည်၊ တူးမြောင်း၊ ရေကာတန်း၊ ရေပေးရေး၊ သတင်းရေးသားနည်းနှင့်ဓာတ်ပုံရိုက်ကူးရေး၊ လမ်းတံတား Estimate ရေးဆွဲနည်းများကို ဖေဖော်ဝါရီ (၁၆)ရက်မှ (၂၇)ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်