တောင်ကြီး ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများအား မွေးထုတ်ပေးနိုင်ရေး၊ ရှမ်းပြည်နယ်အတွင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဘောလုံးပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဥ်ပြိုင်နိုင်စေရေးနှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် မျိုးဆက်သစ်လူငယ်များ စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင် ဖွဲ့စည်းထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များထဲတွင် ပထမဦးဆုံး ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်နှင့် မိတ်ဖက်စပွန်ဆာများ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ ရတနာနန်းတော်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် ဘောလုံးနှင့် ဖူဆယ်အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးလင်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ကျော်သိန်း၊ မိတ်ဖက်စပွန်ဆာများ၊ ရှမ်းပြည်နယ်ဘောလုံးလက်ရွေးစင် ဟောင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံအတွက် နံပါတ်တစ်အားကစားဖြစ်တဲ့ ဘောလုံးအားကစားအတွက် အဓိကတွန်းအားတစ်ခုဖြစ်စေတဲ့ အခမ်းအနား ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ဘောလုံးရေခံမြေခံကောင်းမွန်ပြီး နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားများစွာ ပေါ်ထွန်းခဲ့တဲ့ ပြည်နယ်ကြီးတစ်ခုဖြစ်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ကလည်း ပြည်နယ်ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အားပေးပံ့ပိုးပေးလျက်ရှိပါကြောင်း၊ လက်ရှိရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာလည်း ဘောလုံးကို အလွန်စိတ်အားထက်သန်ပြီး အမြဲတမ်းငွေကုန်ကြေးကျများစွာခံကာ အစွမ်းကုန် ကြိုးစားနေကြတာ တွေ့ရှိရပါကြောင်း၊ အဓိကလိုအပ်ချက်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍကို ဘောလုံးချစ်တဲ့စိတ်နဲ့ စေတနာထက်သန်စွာရံပုံငွေများ ပံ့ပိုးလှူဒါန်းပေးကြတဲ့ စပွန်ဆာကုမ္ပဏီများ အားလုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ရှမ်းပြည််နယ်ဘောလုံးအဖွဲ့ချုပ်ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အခက်အခဲများကြားမှာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကြိုးစားဆောင်ရွက်နေရတာမို့ အခုလို ဘောလုံးအဖွဲ့ချုပ်အတွက် အလွန်အရေးပါတဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ရံပုံငွေတွေကို အခုလိုလာရောက် ပံ့ပိုးလှူဒါန်းပေးကြတဲ့အတွက် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါကြောင်း ပြောကြာပြီး ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် မိတ်ဖက်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ကြကာ ဥက္ကဋ္ဌမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)