မိုင်းကိုင်မြို့နယ်၌ (၄၅) ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပ

မိုင်းကိုင် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊  လွိုင်လင်ခရိုင်၊  မိုင်းကိုင်မြို့နယ်၌ ရဟန်း၊ ရှင်သာမဏေများ၏ (၄၅) ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှစ၍ မိုင်းကိုင်မြို့နယ်၏ စာဖြေဌာနများဖြစ်သော မြို့လယ်ဓမ္မာရုံနှင့် အ.ထ.က(မိုင်းကိုင်)  တို့၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ  ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ   မွန်းလွဲ (၁) နာရီမှ (၄) နာရီအထိ (၉) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၃၄) ကျောင်းမှ အခြေခံအဆင့် (၁၂၆) ပါး၊ မူလပထမအဆင့် (၁၅၁) ပါး၊ မူလဒုတိယအဆင့် (၁၁၀) ပါး၊ မူလတတိယအဆင့် (၆၀) ပါး၊ အလယ်တန်း ပထမနှစ် (၄၆) ပါး၊   အလယ်တန်း ဒုတိယနှစ် (၂၇) ပါး စုစုပေါင်းစာဖြေ ရဟန်း၊ ရှင်သာမဏေပေါင်း (၅၂၀) ပါးတို့က ဝိနည်း၊ သုတ္တန်၊ ရှမ်းစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပါဠိ၊ အဘိဓမ္မာ၊ နှုတ်ဖြေအာဂုံဆောင် စသည့် ဘာသာရပ် (၁၀)ခုတို့ကို  ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။

အဆိုပါ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို ကျင်းပရေးကော်မတီ နာယကဆရာတော်များဖြစ်သော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိစိန္တာ သီရိမင်္ဂလာဟိုနားကျောင်းဆရာတော်၊ ဘဒ္ဒန္တရေဝတ မွေတော်မြောက်ကျောင်းဆရာတော် တို့အားအမှူးထား၍  မြို့နယ်သံဃနာယကဥက္ကဋ္ဌ  ဆရာတော်ဘဒ္ဒန္တကုမာရနှင့် တာဝန်ရှိ ရဟန်းသံဃာတော် (၉၈) ပါးတို့က ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မိဘပြည်သူများ၊ အလှူရှင်များက စာဖြေရဟန်း၊ ရှင်သာမဏေများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးလုံခြုံရေးတို့အတွက် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချော(မိုင်းကိုင်)