မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် နေကြာမျိုး ရွေးချယ်မြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား တက်ရောက်

ချောင်းဆုံ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုး ထုတ်လုပ်မှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ၂ဝ၂၅-၂ဝ၂၆ခုနှစ်၊ နေကြာမျိုးရွေးချယ်မြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၈) နာရီက ကော့မုပွန် ကျေးရွာကွင်းအမှတ် (၆၃၇)ရှိ တောင်သူ ဦးထွန်းခင်၏ နေကြာနှင့် ဆီထွက်သီးနှံ စိုက်ခင်း၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ချောင်းဆုံမြို့နယ် ဦးစီးမှူးဦးကျော်လွင်က မြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးပြီးစီးမှု အခြေအနေများအားလည်းကောင်း၊  စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မျိုးစေ့တာဝန်ခံက တောင်သူများ ပူးပေါင်းပါဝင်သော နေကြာမျိုး ရွေးချယ်မြှင့်တင်ခြင်းနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စာ‌ရေရိက္ခာဖူလုံရေးနဲ့ ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး၊ မိုးစပါး၊ နွေစပါးအပြင်၊ အခြားဆောင်းသီးနှံ (ဆီထွက်သီးနှံ) များကိုလည်း အောင်မြင်ဖြစ်ထွန်းစေရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ယခုနှစ်၂၀၂၅-၂၀၂၆ ခုနှစ်မှာ ဆောင်းမြေပဲသီးနှံ (၂၀၅၄၆) ဧက၊ နှမ်းသီးနှံ (၁၅၃၂) ဧကနဲ့ နေကြာသီးနှံ (၁၃၃၀၇)ဧက  စိုက်ပျိုးပြီးဖြစ်ကြောင်း၊ တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့၏ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်နှင့် ပြည်နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးပါသော စိုက်ပျိုးရေးထွက်ကုန်များအား ရည်မှန်းချက်ပြည့်မီ‌ရေး၊ ဆီထွက်သီးနှံများ မြေပြင်တွင် ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်‌ပေးသွားကြရန် အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများ လိုအပ်ချက်များဖြစ်သော ကုန်‌ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး၊ စိုက်ပျိုးရေများကို နည်းလမ်းပေါင်းစုံမှရရှိရေး၊ သွင်းအားစုများ အချိန်မီ ရရှိစေရေး တင်ပြခဲ့ကြမှုအပေါ် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆောင်းသီးနှံ (ဆီထွက်သီးနှံ) နေကြာနှင့် မတ်ပဲများ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအပါ် လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။            

ချောင်းဆုံမြို့နယ်အတွင်း (၂၀၂၅-၂၀၂၆)ခုနှစ်  ဆီထွက်သီးနှံ (၃၆၆၄)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဆီထွက်သီးနှံ နေကြာ(၃၅၅၀)ဧက၊မြေပဲ (၁၀၁) ဧက နှင့်နှမ်း(၃၃)ဧက စုစုပေါင်း ဆီထွက်သီးနှံ (၃၆၈၄) ဧက စိုက်ပျိုးပြီးစီးပြီး ဖြစ်ကြောင်း၊ ဆောင်းသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် ဆီထွက်သီးနှံ (၃၆၈၄) ဧက၊ နွေစပါး (၁၀၅) ဧက၊ ပဲမျိုးစုံ (၅၈၆၄) ဧက ဆောင်းသီးနှံ စုစုပေါင်း (၉၆၅၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တောင်သူများ လိုအပ်သည်များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)