ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ (Walk For Peace) နှင့်အတူ သထုံမြို့မှပြည်သူများ သုံးနာရီကြာ အသံမစဲမေတ္တာပို့ ပူဇော်ပွဲပြုလုပ်

သထုံ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာ‌တော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ (Walk For Peace) နှင့်အတူ သထုံမြို့ခံပြည်သူများမှ သုံးနာရီကြာ အသံမစဲမေတ္တာပို့ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၄ နာရီအချိန်မှစတင်ကာ လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ပြုလုပ်ခဲ့ကြသည်။

မေတ္တာပို့ပူဇော်ရာတွင် သထုံမြို့ မဟာဘောဂကျောင်းတိုက်ဆရာတော်မှဦးဆောင်၍ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကြပြီး ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ (Walk For Peace) နှင့်အတူ အွန်လိုင်းမှချိတ်ဆက်ကာ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာတို့ဖြင့် အသံမစဲမေတ္တာပို့ ပူဇော်ခဲ့ကြသည်။

အဆိုပါ ပူဇော်ပွဲသို့ သထုံမြို့မှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် မြို့မိမြို့ဖများ၊ ပြည်သူများ တက်ရောက်ပူဇော်ခဲ့ကြပြီး ပါဝင်ပူဇော်ကြသူများအား ဖြစ်မြောက်ရေးကော်မတီမှ အာဟာရဒါနများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)