ငါ့သရောက်မြို့နှင့်အနီးတဝိုက်ရှိ အငှားဆုံဆီကြိတ်သူများ ဝင်ငွေတိုးတွက်ချေကိုက်နေ

ငါ့သရောက် ဇန်နဝါရီ ၈

ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နှင့် အနီးဝန်းကျင်တဝိုက်ရှိ ကျေးရွာများမှ ဆုံဆီကြိတ်သူများ အငှားဆုံဆီကြိတ်ခြင်းဖြင့် ဝင်ငွေတိုး တွက်ချေကိုက်လျက်ရှိကြောင်း အငှားဆုံဆီ ကြိတ်သူများထံမှ သိရသည်။

တစ်ကြိမ်လျှင် မြေပဲဆန် ၅ ပြည်ခန့်ထည့်ရပြီး ပဲဆန်အရည်သွေးပေါ်မူတည်ကာ ဆီထွက်နှုန်း ၁ ပိဿာ ၈၀ ကျပ်သားမှ ၂ ပိဿာအထိ ထွက်ရှိကြောင်း၊ တစ်ဆုံလျှင်ကျပ် ၁၀၀၀ နှုန်းဖြင့် တစ်နေ့ လျှင် ၁၀ ကြိမ်မှ ၁၂ ကြိမ်ခန့်အထိ ကြိတ်ရကြောင်း၊ မြေပဲဖော်ပြီးစရာသီ လာရောက် ဆီကြိတ်သူများပြားခြင်းကြောင့် အငှားဆုံဆီ ကြိတ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေတိုးလျက်ရှိကြောင်း ငါ့သရောက်မြို့ အငှားဆုံဆီကြိတ်သူ ဦးနိုင်ဝင်းထံက ပြောကြားသည်။

ခြောက်သွေ့အောင် နေလှမ်းထားသည့်‌ တစ်ပေါက်ကျမြေပဲဆန်များကို ကြိတ်ဆုံတွင်းထည့်ကာ ရေနွေးလိုက်ပေးရကြောင်း၊ မြေပဲဆန်များ လုံးဆန်ကွဲလာချိန်တွင် ဆီရရှိရန်ရေနွေး ထပ်လိုက်ရကြောင်း၊ ရလာသည့် ဆီများကို အနည်ထိုင်မှုနည်းစေရန် ဖောက်ထုတ်ကာ ဆုံထဲသို့ ပြန်ထည့်ရကြောင်း၊ နှမ်းဖတ်သားရင့်လာသည်အထိ မိနစ် ၅၀ ခန့်ကြိတ်ပြီးသည့်အခါ သဘာဝမြေပဲဆုံဆီ ရရှိကြောင်း၊ ထွက်လာသည့်ဆီများကို အနည်ကျအောင် သုံးရက်ခန့်အနည်ချပြီးမှ စားသုံးသူများ လက်ဝယ်ရောင်းချသည့် အဆင့်သို့ရောက်ရှိကြောင်း လုပ်ကိုင်ပုံအဆင့်ဆင့်ကို မြေပဲဆုံဆီ လုပ်ငန်း လုပ်ကိုင်သူကိုအောင်နိုင်မင်းက ရှင်းပြသည်။

မြေပဲဆုံဆီများကို ဖောက်သည်ဈေးအနေဖြင့် ဆုံဆီတစ်ပိဿာလျှင်ကျပ် ၆၈၀၀ နှင့် လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် ကျပ်ငွေ ၇၀၀၀ ဖြင့် ငါ့သရောက်၊ ညောင်ဦးမြို့များနှင့် ရန်ကုန်၊ မအူပင်မြို့များအထိ တင်ပို့ရောင်းချရကြောင်း၊ မြေပဲဆန်ဝယ်ယူရသည့် ဈေးနှုန်းပေါ် မူတည်၍ ဆီဈေးနှုန်းအတက်အကျရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စိုက်ပျိုးရေရှားပါးသည့် ငါ့သရောက်မြို့နယ်ရှိ တောင်သူအများစုအနေဖြင့် မိုးရေကို အားထားစိုက်ပျိုးရသည့် ခြောက်လမြေပဲ(ခေါ်)ပဲကြီးနှင့် သုံးလပဲလေး(ခေါ်) ပင်ထောင်မြေပဲ (၂)မျိုးများကိုသာ အဓိကသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)