သထုံ ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရေကူး၊ စက်ဘီးစီးနှင့် တောင်တက်သုံးမျိုးစုံအားကစားပြိုင်ပွဲနှင့် ရိုးရာခြင်းလုံး အမှတ်ခတ်ပြိုင်ပွဲတို့ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်က သထုံမြို့၊ မြသပိတ်တောင်ခြေ၊ နှီးဘုရားကြီးအနီး၌ ကျင်းပပြုလုပ်သည်။
ဦးစွာ နံနက် (၇) နာရီအချိန်မှ စတင်ကာ ပြိုင်ပွဲဝင်အားကစားသမားတို့က သထုံမြို့၊ ဇီးသီးရေကူးကန်၌ ရေကူးခြင်း၊ ရေကူးကန်မှ မြသပိတ်တောင်ခြေအထိ စက်ဘီးစီးပြိုင်ခြင်းနှင့် မြသပိတ်တောင်တက်ခြင်း သုံးမျိုးစုံအားကစားကို ယှဉ်ပြိုင်ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ရိုးရာခြင်းလုံးအမှတ်ခတ်ပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည့် အသင်းအား သထုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က ဂုဏ်ပြုဆုနှင့် ဆုဖလားကို ချီးမြှင့်ပေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူတို့က ဒုတိယဆု၊ တတိယဆိုရရှိကြသည့် အသင်းတို့အား တစ်ဦးချင်းဂုဏ်ပြုဆုများကိုလည်းကောင်း သုံးမျိုးစုံအားကစားပြိုင်ပွဲ၌ ပထမဆု ဆွတ်ခူးရရှိသူအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးမြင့်နိုင်က ဂုဏ်ပြုဆုနှင့် ဆုဖလား ချီးမြှင့်ပေးပြီး တာဝန်ရှိသူတို့က ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူတို့အားလည်းကောင်း အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများအနက် ရိုးရာခြင်းလုံး အမှတ်ခတ်ပြိုင်ပွဲကို ယမန်နေ့က ကျင်းခဲ့ပြီး ယနေ့ကျင်းပသည့် သုံးမျိုးစုံအားကစားပြိုင်ပွဲတွင် အားကစားသမား ၂၂ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)