သံဖြူဇရပ် ဖေဖော်ဝါရီ ၁၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို သံဖြူဇရပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ပြီး နံနက် ၇ နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် အဖွဲ့အစည်းများက နိုင်ငံတော်အလံအားအလေးပြုပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓ္ဓမမင်းအောင်လှိုင်ထံမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က ဖတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှပေးပို့သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)