လားရှိုး ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၆ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီက လွတ်လပ်ရေးပန်းခြံ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းအား အလေးပြုပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့ဝင်များနှင့်အတူ တက်ရောက်လာသည့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက အတူတကွအလေးပြုခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံက ပေးပို့လာသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ပြည်နယ်အစိုးရအုပ်ချုပ် ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌကဖတ်ကြားခဲ့သည်။
ယင်းနောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူ အဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများကထူးချွန်ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)