မိုင်းယုမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

မိုင်းယု ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းယုနယ်မြေစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက ဦးဆောင်၍ တက်ရောက်လာကြသည့် မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးနှင့်တကွ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားတို့မှ (၇၉) နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအား စုပေါင်းအလေးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးက ဖတ်ကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်တကွ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်