ကျောက်ဆည် ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီက ၂၀၂၆ ခုနှစ်တွင်ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူလေးများက “သွေးချင်းတို့မြေ”၊ “ဂျိမ်းဖော” သီချင်းများဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဒေါက်တာသီင်္ဂသန်းဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ တိုင်းရင်းသားအချင်းချင်း ညီညွှတ်စွာနေထိုင်ကြပြီး တန်းတူညီမျှရှိရေး၊ စည်းလုံးညီညွှတ်စွာဖြင့် ဥမကွက်သိုက်မပျက် ထာဝရပူးပေါင်းရေး၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ တွင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့ သမိုင်းဝင် စာချုပ် လက်မှတ်ရေးထိုးခဲ့သည့် အကြောင်းများနှင့် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သည့် ပြည်ထောင်စုနေ့အကြောင်းများကို ရှင်းလင်း ပြောကြားသည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူ ဒေါက်တာ သိင်္ဂီသန်းဦးက ကျောင်းသား/ကျောင်းသူများအား ကံစမ်းမဲများဖောက်ပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)