စစ်တွေ ဖေဖော်ဝါရီ ၁၁
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ အမှတ်(၁)ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ကွန်ကရစ် လမ်းသစ်ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့အား ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ဆက်လက်ပြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ယင်းနောက် ရပ်ကွက်နေပြည်သူတစ်ဦးက လမ်းအဆင့်မြှင့်တင်ကာ ဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်တွေမြို့ အနောက်စံပြရပ်ကွက်၊ အမှတ်(၁)ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်ပွဲလှစ်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လမ်းဖွင့်ပွဲသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကာ ကွန်းကရစ်လမ်းဖွင့်ပွဲတွင် တက်ရောက်ပါဝင် တီးခတ်ဖျော်ဖြေပေးကြသော အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ကြသည်။
ယခုဖွင့်လှစ်သော စစ်တွေမြို့ အနောက်စံပြရပ်ကွက်၊ အမှတ်(၁)ကွန်ကရစ်လမ်းသစ် မှာ အရှည်(၁၅၀၀)ပေ၊ အကျယ်(၁၅)ပေ၊ ဒု(၈) လက်မဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်အမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသည်။
ဆုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုနေ့အထိမ်းအဖြစ် အားကစားပြိုင်ပွဲများနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများ အနေဖြင့် ယခုနှစ်တွင် ထူးချွန်ဆုများ ရရှိအောင် ပိုမိုကြိုးစားဆောင်ရွက်ခဲ့ကြသကဲ့သို့ နောင်နှစ်များတွင်လည်း ထူးချွန်ဆုများရရှိအောင် ပိုမိုကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများအားလည်းကောင်း၊ တိုင်းမှူးက အလယ်တန်း အဆင့် ဆုရရှိကြသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လည်ဆွဲဆုတံဆိပ်၊ ဆုငွေနှင့် တံခွန်စိုက်ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အခမ်း အနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြပြီး စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိကြသူများ၏ စာစီစာကုံး စာမူများကို လှည့်လည်ကြည့်ရှုခဲ့ ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး