ကျောက်ဆည်မြို့၌ ငလျင်ဘေးသင့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

ကျောက်ဆည် ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ကျောက်ဆည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်ခြင်းကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်သည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရပ်ကွက်၊ကျေးရွာအုပ်စု ၇၉ အုပ်စုမှ လုံးဝပျက်စီးခဲ့သည့် တိုက်အိမ်၊ ပျဉ်ထောင်အိမ် အလုံး ၅၂၀ အတွက်တစ်လုံးလျှင်ကျပ်နှစ်သိန်းနှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် ၁၀၄,၀၀၀,၀၀၀၊ လုံးဝပျက်စီးဝါးထရံကာအိမ် ၅ လုံးအတွက် တစ် လုံးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၅,၂၀၀,၀၀၀၊ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ ၃၄၂၄ လုံး အတွက် တစ်လုံးလျှင် ငွေကျပ် ၅၀,၀၀၀ နှုန်း အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၇၁,၂၀၀,၀၀၀ ၊ လူတစ်ဦးလျှင် ဆန်ရိက္ခာ ၇ ရက်စာအတွက် ကျပ် ၅,၀၀၀ နှုန်းဖြင့် လူဦးရေစုစုပေါင်း ၁၆၁၉၄ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၈၀,၉၇၀,၀၀၀ နှင့် စုစုပေါင်းငွေကျပ် ၃၆၁,၃၇၀,၀၀၀ အား ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းနှင့်တာဝန်ရှိသူများမှ ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ ငလျင်ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သက်မောင် (ကျောက်ဆည်)