ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမှတ် (၉၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီက အမှတ် (၉၄) ရပ်ကွက်၊ ပိုက်ကျော်ခြင်းကွင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်မိုးကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ် (၉၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးဇာနည်ထွန်းက ဦးဆောင်၍ အားကစားသမားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားအပြီးတွင် သဲငယ်လေးအသင်းနှင့် ၆၅ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပိုက်ကျော်ခြင်းအသင်း (၉) သင်းမှ ပါဝင်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ