ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ပြည်သူများအ​​နေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော သန့်ရှင်းသောသောက်သုံးရေများ စဉ်ဆက်မပျက်ရရှိစေရန်နှင့် အမှိုက်များ စနစ်တကျမစွန့်ပစ်ခြင်းများကြောင့် ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုနည်းပါးစေရန်ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေး​ခြင်းနှင့် ကွင်းဆင်းစစ်ဆေး​ခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက အမှတ် (၉၃) ရပ်ကွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး (၃) ဦစိုးအာကာ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းဥက္ကဋ္ဌ ဒေါ်အိအိဖြိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေနှင့်သန့်ရှင်းမှုဆိုင်ရာအကြောင်း သိကောင်းစရာများ၊ ပတ်ဝန်းကျင်တွင် ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါအန္တရာယ်များမှ ကင်းဝေးရန်အတွက် သန့်ရှင်းစွာနေထိုင်မှုစနစ်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်း ရေဖြန့်ဝေပေးနေသည့် ရေလှောင်ကန်များနှင့် သောက်သုံးရေရောင်းချသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ