ဗဟန်း ဖေဖော်ဝါရီ ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မိုးဦးပန်းခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွှဲ (၂) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ ပေါက်ပေါက်က "စာဖတ်ရှိန်မြင့်တင်ဖို့ကျောင်းပိတ်ရက်ရှည်စာဖတ်စို့" ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပါသည်။
ထို့နောက် ဆွေးနွေးပေးခဲ့သော စာရေးဆရာမ ပေါက်ပေါက်အား ဗဟန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာမျိုးက အမှတ်တရလက်ဆောင်ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။ ထို့နောက် ဗဟန်းမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဗဟန်းအမျိုးသမီးရေးရာအဖွဲ့များမှ တာဝန်ရှိသူများနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်တို့ အမှတ်တရဆုလက်ဆောင်များ ပေးအပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ဂိမ်းကစားနည်းပြိုင်ပွဲများဖြစ်ကြသည့် စကားပုံဆက်ပြိုင်ပွဲ၊ ဘောလုံးပေါက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲနှင့် ဘယ်ခြေညာလက်ပြိုင်ပွဲများအား ပျော်ရွှင်စွာ ကစားခဲ့ကြကြောင်း သိရပါသည်။ ယင်းအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)