မိုးညှင်း ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း (MSY) မှ အတိုးရငွေနှင့် ကျေးရွာပြည်သူများမှ ထည့်ဝင်ငွေတို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သည့် ဝေဇယန္တာဘက်စုံသုံးခန်းမဆောင်ကို ယနေ့နံနက် (၁၀)နာရီတွင် ဆယ်မိုင်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝေဇယန္တာဘက်စုံသုံးခန်းမဆောင်ဖွင့်လှစ်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အတွင်း ရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ကျောင်းဆရာ/ဆရာမများ၊ ဒေသခံကျေးရွာပြည်သူများ တို့နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ၎င်းခန်းမတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က အမှာစကားများပြောကြားကြကာ ဆယ်မိုင်ကျေးရွာ၏ ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာကော်မတီ ဝင်များနှင့် ယင်းခန်းမပြီးစီး အောင်မြင်နိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးပါဝင် ကူညီဆောင်ရွက် ခဲ့ကြသည့် ကျေးရွာကော်မတီဝင်များနှင့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြပြီး တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ဆရာဆရာမများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် ဝေဇယန္တာဘက်စုံသုံးခန်းမဆောင်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် သိန်း (၁၅၀) ဖြင့်လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံ(MSY)အတိုးရငွေ ကျပ်သိန်း (၁၂၀) ဖြင့်လည်းကောင်း၊ ကျေးရွာပြည်သူများမှ ထည့်ဝင်ငွေကျပ် (၅၃)ဒဿမ (၉၁)သန်းဖြင့်လည်းကောင်း စုစုပေါင်း ငွေကျပ် (၈၀)ဒဿမ (၉၁)သန်းနှင့် ကျေးရွာပြည်သူလုပ်အားတို့ဖြင့် ပူးပေါင်းကာ အလျားပေ(၁၀၀)၊ အနံ(၄၈)ပေနှင့် အမြင့် (၁၅)ပေရှိ အုတ်နံကပ်တစ်ထပ်အဆောက်အဦအား မြို့နယ်ကျေးလက် ဦးစီးဌာန၏ အနီးကပ် ကြီးကြပ်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဩဂုတ်လ တတိယပတ်မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ စတုတ္ထပတ်တွင် လုပ်ငန်းရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်းနှင့် ၎င်းခန်းမဆောင်အား အိမ်ခြေ (၅၂၁)အိမ်၊ လူဦးရေ (၂၄၇၁) ဦးတို့အတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ အသုံးပြုနိုင်မည်ဖြစ်၍ များစွာအကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း