မိုင်းဆတ် ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးးစီးဌာနက ကြီးမှူး၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ် ၁၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသူ့ကျွန်ဘဝကျရောက်ခဲ့ရပုံ၊ လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာမတည်ဆောင်နိုင်ပဲ လွတ်လပ်ရေးရရှိရန်မလွယ်ကူပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်တစ်မျက်နှာကိုသာကြည့်ပြီး ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲဖြစ်နေသည့် တိုင်းပြည်ကို အစိုးရတစ်ခုတည်း၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိအောင် ဆောင်ရွက်ခဲ့ရပုံနှင့် ဖေဖော်ဝါရီ (၁၂) မှအရင်းတည်ကာ စည်းလုံးညီညွတ်ခဲ့သည့် နိုင်ငံတော်ကြီးအတွက် အစဉ်အလာကောင်းများကို ရေရှည်ထိန်းသိမ်းရန် နိုင်ငံသားတိုင်းမှာတာဝန်ရှိပုံတို့ကို အသိပညာပေး ဟော ပြောခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)