နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု၊ နွေရာသီအတွက် သောက်ရေပြတ်လပ်မှုမရှိစေရေး ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

တပ်ကုန်း ဖေဖော်ဝါရီ ၁၁

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာအနီး၊ သားခိုတောင် ခရီးသွားဖော်ရေးအတွက် တောင်တက်လမ်း ခင်းကျင်းထားရှိမှု၊ ရေဘေးကြောင့် ပျက်စီးခဲ့သည့် ပွဲစားဆည်ပြန်လည်တည်ဆောက်နေမှုလုပ်ငန်းခွင်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိ၍ တောင်တက်လမ်းကွန်ကရစ်ခင်းကျင်းထားရှိမှု၊ ပွဲစားဆည်ပြန်လည်တည်ဆောက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာလုပ်ငန်းပိုင်းဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး၊ လိုအပ်သည့်လုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများကို ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ပင်သောင်ကျေးရွာအနီး၊ ကွင်းအမှတ် ၁၃၃၃ ကွင်း၊ ကြက်သွန်စိုက်ခင်းအား ကြည့်ရှုအားပေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းတို့က မြို့နယ်အတွင်းဆောင်းသီးနှံနှင့်နွေသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်က တောင်သူများ မျိုးကောင်း၊ မျိုးသန့်အသုံးပြုရေး၊ သဘာဝမြေဩဇာများအသုံးပြုရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး အဓိကထား ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ညောင်ပင်သာကျေးရွာသို့ရောက်ရှိ၍ နဝင်းချောင်း ကမ်းထိန်းနံရံတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက နဝင်းချောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် စပ်လျဉ်းသည့်လုပ်ငန်းများ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်က သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ရောက်ရှိ၍ တပ်ကုန်းမြို့နယ်ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးနှင့် လက်နှိပ်တွင်း၊ စက်ရေတွင်းများတွင် သံဓာတ်၊ ထုံးဓာတ်များမရှိစေရေးအတွက် ရေသန့်အလှူရှင်၊ သောက်ရေသန့်လုပ်ငန်းရှင်များ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရပ်ကွက်၊ကျေးရွာများတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်