ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့်အနီးဝန်းကျင်ရှိဈေးဆိုင်များကို ရက်သတ္တ(၁)ပတ်ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာ

ကျောက်ပန်းတောင်း၊ ဇန်နဝါရီ-၈

            မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးကို၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်စေရေးနှင့်  ဒေသတွင်းကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက်၊ ရက်သတ္တ(၁)ပတ်ကြာယာယီပိတ် သိမ်းထား မည်ဖြစ်ကြောင်းကို၊ ၂၀၂၁-ခုနှစ်၊ ဇန်နဝါရီ(၇)ရက်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ ဇန်နဝါရီ(၈)ရက်နေ့ နံနက်(၆)နာရီက မြို့တွင်းလှည့်လည်ကြေညာခဲ့ကြောင်းသိရသည်။

            အဆိုပါကြေညာချက်တွင် ကျောက်ပန်းတောင်းမြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် မြို့မဈေးတွင် COVID-19  ရောဂါ ဖြစ်ပွားသူ တွေ့ရှိရသဖြင့် ပြည်သူလူထုများ၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၇.၁.၂၀၂၁)ရက်နေ့ပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ၊ မြို့မဈေးကြီး၊ မြို့မ ပျံကျဈေး ပတ်ဝန်းကျင်လမ်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့လမ်း၊ မြို့မဈေးတန်းလမ်း၊ စေတီကြီးလမ်း၊ ထိန်ကန် လမ်း၊ ကာယဗလလမ်း များနှင့် မြို့မဈေးပတ်ဝန်းကျင်လမ်းများဖြစ်သော ဗိုလ်ချုပ်လမ်း၊ ရွှေညောင်ပင်လမ်း၊ စခန်းသာလမ်း၊ ရေစင်လမ်း၊ ဝိဓူရလမ်း၊ မင်းမဟော်လမ်း၊ ဉာဏဗလလမ်း၊ ဘောဂဗလလမ်းနှင့် နေဝင်းလမ်းများရှိ ဈေးရောင်းချသူများအားလုံးနှင့် ဆိုင်ခန်းများအား (၈.၁.၂၀၂၁)ရက်နေ့(၁၂:၀၀)နာရီ နောက်ဆုံးထားဖွင့်လှစ်ရန်နှင့် (၉.၁.၂၀၂၁) ရက်နေ့မှစ၍ (၁၅.၁.၂၀၂၁) ရက်နေ့အထိ ရက်သတ္တ(၁)ပတ်အား ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟု ပါရှိပြီး အဆိုပါကြေညာချက်အား လိုက်နာခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရသော်လည်းကောင်း၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရသော်လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက ယာယီပိတ်သိမ်းသည့်ရမည့်ရက်အား ထပ်မံတိုးမြှင့်သွားမည် ဖြစ်ကြောင်း ပါရှိသည်။

            ထိုသို့ယာယီပိတ်သိမ်းရခြင်းမှာ အဆိုပါ မြို့မစည်ပင်သာယာဈေးကြီးအတွင်းမှ ခရီးသွားရာဇဝင်မရှိပဲ အနံ့ပျောက်သူ အချို့၊  ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ မှုများရှိလာသဖြင့်၊ ဒေသတွင်းကူးစက်မှုကို ကြိုတင်ကာကွယ်တားဆီးသည့် အနေဖြင့် နေ့စဉ်ဈေးရောင်းဈေးဝယ်များဖြင့် အစည်ကားဆုံးဖြစ်သည့် မြို့မစည်ပင်သာယာဈေးကို ယာယီပိတ်သိမ်းသွားရန် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီတို့ အစည်းအဝေးထိုင်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)